အံဆုံးသွားက မဖြစ်မနေနှုတ်ဖို့ လိုအပ်လား
အံဆုံးသွားဆိုတာ ဆယ်ကျော်သက်အရွယ် ဒါမှမဟုတ် ၂၀ - ၃၀ ကြား အသက်အရွယ်မှာ သွားရဲ့နောက်ဆုံးတန်း သွားဖုံးကနေ ဖောက်ထွက်လာတဲ့ သွားကို ဆိုလိုတာဖြစ်ပါတယ်။ အံဆုံးသွား ၄ ချောင်းထိပေါက်နိုင်ပြီး မဖြစ်မနေ နှုတ်ဖို့လိုအပ်လားလို့ မေးရင်တော့ မလိုအပ်ဘူးလို့ပဲ ဖြေရမှာပါ။
ဘာကြောင့်လဲဆိုတော့ အံဆုံးသွားဟာ သူ့သွားဖုံးအတိုင်း အတည့်ပေါက်တဲ့အခါ အနည်းငယ် နာကျင်ပြီး သက်သောင့်သက်သာမဖြစ်တဲ့ ခံစားမှုကလွဲရင် ဘာမှမဖြစ်စေပါဘူး။ အစာစားတဲ့နေရာမှာလည်း ပြဿနာမဖြစ်စေသလို အံဆုံးပေါက်တဲ့နေရာမှာ ပိုးဝင်မှာလည်း မဟုတ်ပါဘူး။
ဒါပေမယ့် အံဆုံးသွားတိုင်းကတော့ အတည့်ပဲပေါက်မယ်လို့ အာမခံလို့မရသလို ဘယ်လိုအခြေအနေမှာ တစောင်းပေါက်နိုင်လဲလို့လည်း ခန့်မှန်းမရပါဘူး။ အကယ်လို့ ကိုယ့်အံဆုံးသွားက စောင်းပြီးပေါက်လာတဲ့အခါ သွားဖုံးအပြင်ဘက်ကို ထိုးဖောက်ပြီး ပုံမှန်အတိုင်းမဟုတ်ဘဲ ထွက်လာတာဖြစ်လို့ မခံမရပ်နိုင်အောင် နာကျင်တဲ့ဝေဒနာကို ခံစားရမှာဖြစ်ပြီး ဆိုးရွားလွန်းတဲ့အခြေအနေတွေမှာ အကိုက်အခဲပျောက်ဆေးပါ သောက်ဖို့ လိုအပ်လာနိုင်ပါတယ်။
အံဆုံးသွားပေါက်ချိန်ဟာ ရက်သတ္တပတ်အတော်ကြာနိုင်တာကြောင့် ကိုယ့်အံဆုံးသွားက တစောင်းပေါက်နေပြီး အလွန်အမင်းနာကျင်နေတယ်ဆိုရင်တော့ သွားဆရာဝန်နဲ့ သေချာပြသပြီး စစ်ဆေးကြည့်သင့်ပါတယ်။ အကယ်လို့ ဆရာဝန်အနေနဲ့ အတည့်ပေါက်တဲ့အံဆုံးမဟုတ်ဘူးဆိုတဲ့ အဖြေရလဒ်ထွက်လာတဲ့အခါ အံဆုံးသွားကို မဖြစ်မနေနှုတ်ဖို့ လိုအပ်ပါတယ်။ မနှုတ်လို့လည်း ရပေမယ့် နာကျင်မှုဝေဒနာကတော့ အမြဲကျန်နေမှာဖြစ်ပြီး သွေးထွက်တာ၊ ပိုးဝင်တာတွေပါ ဖြစ်လာနိုင်ပါတယ်။
မဖြစ်မနေ အံဆုံးသွားနှုတ်တော့မယ်ဆိုရင် သိထားသင့်တာတွေကတော့
- အံဆုံးသွား ဖောက်ထွက်နေတဲ့ အခြေအနေပေါ်မူတည်ပြီး ခွဲစိတ်မှုအသေးစား ပြုလုပ်ရနိုင်တဲ့အတွက် ထုံဆေး သို့မဟုတ် မေ့ဆေးပေးမှာဖြစ်ပါတယ်။
- သွားနှုတ်ပြီးတဲ့နောက်မှာ လုံးဝအနာပြန်ကျက်ပြီး သက်သာလာဖို့အတွက် ရက်သတ္တပတ်ကနေ လပိုင်းအထိ ကြာနိုင်ပါတယ်။
- ခွဲပြီးပြီးချင်း တစ်ပတ်လောက်အထိ မခံမရပ်နိုင်အောင် နာကျင်မှုဝေဒနာ ခံစားရနိုင်ပြီး အနာပြန်ကျက်သွားတဲ့တိုင်အောင် ခွဲထားတဲ့နေရာမှာ သက်သောင့်သက်သာမဖြစ်တဲ့ ခံစားချက်တစ်မျိုး၊ လွှစားထားတဲ့အရသာမျိုး ကျန်နေမှာပါ။
- အကောင်းဆုံးကတော့ အံဆုံးသွားနှုတ်တော့မယ့်နေ့မှာ အလုပ်၊ ကျောင်းတွေမှာ ခွင့်တိုင်ပြီး ခွဲစိတ်မှုပြီးပြီးချင်း အိမ်ပြန်ပြီး သေချာအနားယူဖို့ လိုအပ်ပါတယ်။
ခွဲစိတ်မှုကုန်ကျစရိတ်ဟာ ကိုယ်ပြတဲ့ဆေးခန်းပေါ် မူတည်ပြီး အနည်းအများ ကွာဟမှုရှိနိုင်ပါတယ်။ အံဆုံးသွားနှုတ်ပြီးသွားတဲ့အခါ အမြန်ဆုံး သက်သာပျောက်ကင်းစေဖို့
- ဆရာဝန်ညွှန်ကြားချက်ကို သေချာလိုက်နာပါ
- ပထမရက်သတ္တပတ်မှာ အေးလွန်းတဲ့အစာ၊ ပူလွန်းတဲ့အစာ၊ အမာစာ၊ အစပ်တွေကို လုံးဝမစားရပါဘူး။
- ဆရာဝန်နဲ့ ပုံမှန်အတိုင်း ပြသပြီး အမာစာစားလို့ရပြီဆိုမှ အနည်းငယ်မာတဲ့ အစာတွေကို စစားပေးပါ။
- အံဆုံးသွားနှုတ်ပြီးနောက်ပိုင်းမှာ ခွဲထားတဲ့ဒဏ်ရာထဲ ပိုးမဝင်ဖို့ ခံတွင်းသန့်ရှင်းရေးကို ပိုဂရုစိုက်ပေးပါ။
- အံဆုံးသွားကို အပေါ်အောက် တစ်ခါတည်းနှုတ်ရင် ပြဿနာမရှိပေမဲ့ တစ်ချောင်းတည်းနှုတ်ရင်တော့ ကျန်တဲ့တစ်ချောင်း (အပေါ် သို့မဟုတ် အောက်) က ခွဲထားတဲ့သွားဖုံးကို လာစိုက်မှာဖြစ်တဲ့အတွက် နောက်ပိုင်းမှ ထပ်ပြီးနှုတ်ပေးဖို့ လိုအပ်ပါတယ်။
- ကြက်စွပ်ပြုတ်၊ ဆန်ပြုတ် စတာတွေကို များများစားပေးပါ။
- သေချာအနားယူပါ။ မလိုအပ်ဘဲ ပါးစပ်ဟတာ၊ စကားပြောတာတွေကို မလုပ်ပါနဲ့။
အစောဆုံးအနေနဲ့ အံဆုံးသွားဟာ အသက် ၁၆ နှစ်မှာ စတင်ပေါက်လာတတ်တာကြောင့် ဆယ်ကျော်သက်အရွယ်မှာကတည်းက အံဆုံးသွားအခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်ရင်း ဆေးခန်းပြပြီး သွားနဲ့ခံတွင်းသန့်ရှင်းရေးကို ပုံမှန်လုပ်ပေးတာ အကောင်းဆုံးပါပဲ။ ပုံမှန်အတိုင်း ပေါက်တဲ့ အံဆုံးကတော့ ပြဿနာမရှိတဲ့အတွက် နှုတ်ခြင်း၊ မနှုတ်ခြင်းဟာ ကိုယ့်သဘောအတိုင်းသာဖြစ်ပါတယ်။
Source: https://www.nhs.uk/conditions/wisdom-tooth-removal/